Book Review: မင်းရဲ့အလုပ်ကပျော်ဖို့ကောင်းရဲ့လား? (仕事は楽しいかね?)

Posted on Facebook : 2024/10/27

“စမ်းလုပ်ကြည့်ခြင်းမှာရှုံးနိမ့်ခြင်းဆိုတာမရှိဘူး။”

ဒီစာအုပ်ရဲ့Titleကိုကြားမိတော့ကိုယ့်ကိုယ်ကိုလည်းပြန်မေးကြည့်မိတယ်။ ငါ့အလုပ်မှာပျော်ရဲ့လား…?လို့။ ရုံးကCEOကဒီစာအုပ်ကိုဖတ်ဖို့ညွှန်းတာနဲ့ဖတ်ကြည့်ပြီး ဘာပဲဖြစ်ဖြစ်စိတ်ဝင်စားတဲ့အရာတွေကို အမျိုးမျိုးစမ်းလုပ်ကြည့်မယ်ဆိုတဲ့အတွေးလေးရသွားတယ်။

ဒီစာအုပ်မှာအဓိပေးချင်တဲ့Messageက “ဘာပဲဖြစ်ဖြစ်စမ်းလုပ်ကြည့်ပါ”ဆိုတာပဲ။ တစ်နေ့တစ်နေ့ဒါပဲလုပ်နေတာဆိုရင် ကြာလာရင်ရိုးအီလာလိမ့်မယ်။ အဲ့ဒါကြောင့် ဒီနေ့မှာမလုပ်ခဲ့တဲ့အရာကိုမနက်ဖြန်မှာအစမ်းလုပ်ကြည့်ခြင်းဖြင့် “မနက်ဖြန်ရဲ့<ငါ>ဟာဒီနေ့နဲ့မတူတဲ့<ငါ>”ဖြစ်နိုင်တယ်လို့ဒီစာအုပ်မှာပြောထားတယ်။ အလုပ်ထဲမှာလည်းအဲ့ဒီလိုပဲRoutineအလုပ်တွေချည်းပဲလုပ်မနေဘဲ တစ်ခုခုကိုအစမ်းလုပ်ကြည့်ရင် ပျော်ဖို့ကောင်းလာလိမ့်မယ်လို့ဆိုတယ်။ ဘာလို့လဲဆိုတော့ လူဆိုတာကစမ်းသပ်ခြင်း/စူးစမ်းခြင်းဆိုတာကိုကြိုက်တဲ့သူတွေချည်းမို့လို့ဆိုပြီး ဒီစာအုပ်ထဲမှာဖြစ်ရပ်မှန်ဥပမာတွေ၊ လက်တွေ့စမ်းသပ်မှုတွေနဲ့ရှင်းပြထားတယ်။ 

အပေါ်ဆုံးမှာပြောခဲ့သလိုပဲ စမ်းလုပ်ကြည့်တယ်ဆိုတဲ့အရာမှာ မှားသွားတာတို့၊ ရှုံးနိမ့်သွားတာတို့ဆိုတာမရှိဘူး။ ဘာလို့လဲဆိုတော့ စမ်းလုပ်နေတာမို့လို့ အကယ်၍မအောင်မြင်ခဲ့လည်း အဆင်မပြေတဲ့နည်းလမ်းတွေကိုရှာဖွေတွေ့ရှိသွားတာပဲရှိတယ်။ လုံးဝရှုံးနိမ့်သွားတာမဟုတ်ဘူး။ အများဆုံး ကိုယ့်ပတ်ဝန်းကျင်ကကိုယ်နဲ့သိပ်မဆိုင်တဲ့သူတွေ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေရဲ့လှောင်ရယ်ခံရရုံလောက်ပဲ။ အဲ့လိုလူမျိုးတွေဆီကလှောင်ရယ်ခံရတော့ရော ဘာများဆုံရှုံးသွားမှာမို့လို့လဲ? အကြီးမားဆုံးဆုံးရှုံးမှုက ရှုံးနိမ့်မှာကိုကြောက်ပြီးစမ်းမလုပ်ကြည့်ဘဲနေတာပဲ။

ကြီးမားတဲ့ရည်မှန်းချက်ထားတာထက် နေ့စဉ်တစ်ခုခုကိုစမ်းလုပ်ကြည့်တာကပိုကောင်းတယ်။ အဲ့ဒီလိုပြောလို့ “ဘဝမှာရည်မှန်းချက်ရှိဖို့ကအရေးကြီးတယ်❗️”လို့ထင်ရင် နေ့စဉ်တစ်ခုခုကိုစမ်းလုပ်ကြည့်မယ်ဆိုတဲ့ရည်မှန်းချက်ကိုထားလိုက်ပါလို့ဒီစာအုပ်ကညွှန်းထားပါတယ်။

တစ်ခုခုကိုစတင်ဖို့၊ Challengeတစ်ခုခုလုပ်ဖို့အားယူနေတဲ့သူဆိုရင် ဒီစာအုပ်ကတွန်းအားတစ်ခုခုပေးနိုင်ပါတယ်။ ကျွန်တော် ဓါတ်ပုံရိုက်တဲ့ဝါသနာကိုစတင်ပြီးSNSမှာဓါတ်ပုံတွေစShareဖို့၊ Money Literacyနဲ့ပတ်သက်တဲ့Knowledge Sharingတွေစတင်ဖို့၊ Career Advice Serviceကိုစတင်ဖို့စတဲ့စတဲ့စတင်ခြင်းတွေဟာဒီစာအုပ်ကြောင့်ဖြစ်လာတာတွေပါ။ ဒီစာအုပ်ရဲ့မူရင်းကအင်္ဂလိပ်လိုရေးထားတာပါ။ ဂျပန်လိုမဟုတ်ဘဲအင်္ဂလိပ်လိုဖတ်ချင်ရင်『The Max Strategy』ဆိုတဲ့စာအုပ်ကိုဖတ်နိုင်ပါတယ်။

ဒီစာအုပ်ကိုဖတ်ရင်း အယ်ဒီဆင်ရဲ့စကားကိုပြန်သတိရမိတယ်။

“ကျုပ်ဘဝမှာရှုံးနိမ့်ခဲ့တယ်ဆိုတာမရှိဘူး။ အလုပ်မဖြစ်တဲ့နည်းလမ်းပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ရုံပါ”- Thomas Alva Edison

https://amzn.asia/d/f1d4Dy5

コメント

タイトルとURLをコピーしました