အခုတလောရွှေထဲကိုရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားတဲ့သူတွေတော်တော်များလာကြတယ်။ များလည်းများချင်စရာပါပဲ။ ၂၀၂၅/၉လက်ရှိမှာလွန်ခဲ့တဲ့၅နှစ်ကရွှေစျေးနဲ့ယှဉ်လိုက်ရင်၂ဆလောက်စျေးတက်လာတာကိုး။ ရွှေစျေးတက်လာရတဲ့အကြောင်းအရင်းထဲမှာ နိုင်ငံအချို့(အထူးသဖြင့်တိုးတက်ဆဲနိုင်ငံတွေ)ရဲ့ဗဟိုဘဏ်တွေကဒေါ်လာကနေ ရွှေကိုပြောင်းပြီးတိုးဝယ်ကြတာကြောင့်လည်းပါတယ်။ ရွှေထဲကိုရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားရင် အရင်ဆုံးရွှေရဲ့အခြေခံသဘောတရားကိုသိထားဖို့လိုပါတယ်။

No.1 တန်ဖိုးကသုညဖြစ်မသွားဘူး။
စတော့ရှယ်ယာတွေဆိုတာ ကုမ္ပဏီတွေဒေဝါလီခံသွားရင်သုံးစားမရတဲ့စာရွက်တွေဖြစ်သွားပေမယ့် ရွှေကတော့ ရှားပါးတဲ့တန်ဖိုးရှိပြီး ကမ္ဘာ့ဘယ်နေရမှာမဆိုတန်ဖိုးထားအသိအမှတ်ပြုခံရ(Universal Currencyဖြစ်)လို့ တန်ဖိုးကသုညဖြစ်သွားတယ်ဆိုတာမရှိဘူး။
No.2 ငွေကြေးဖောင်းပွမှုဒဏ်ကိုခံနိုင်ရည်ရှိတယ်။
ငွေကြေးဆိုတာများသောအားဖြင့်အစိုးရကလိုသလောက်ထုတ်လုပ်လို့ရပေမယ့် ရွှေကတော့ အကန့်အသတ်မရှိထုတ်လုပ်ဖို့မဖြစ်နိုင်လို့ ငွေကြေးနဲ့ယှဉ်ရင် တန်ဖိုးကိုထိန်းထားနိုင်တယ်။ ငွေကြေးဖောင်းပွရင် ကုန်စျေးနှုန်းတက်လာပြီး ရွှေစျေးပါလိုက်တက်လို့ ငွေကြေးဖောင်းပွမှုဒဏ်ကိုခံနိုင်တယ်။
No.3 Income Gainမရှိဘူး။
ရင်းနှီးမြှုပ်နှံမှုမှာ Returnပြန်ရတာ၂မျိုးရှိတယ်။ တစ်မျိုးက စတော့ရှယ်ယာပိုင်ဆိုင်မှုကနေအမြတ်ဝေစုရတာမျိုး၊ ငွေတိုက်စာချုပ်(Bond)ကနေအတိုးရတာမျိုး၊ အိမ်ငှါးတာကနေအိမ်လခရတာမျိုး စတာတွေကိုIncome Gainလို့ခေါ်တယ်။ နောက်တစ်မျိုးက ရင်းနှီးမြှုပ်နှံထားတဲ့အရာကိုရောင်းလိုက်လို့ဝယ်စျေးထက်ပိုရတဲ့အမြတ်ကိုCapital Gainလို့ခေါ်တယ်။ ရွှေမှာကIncome Gainမရှိဘူး။ Capital Gainကိုပဲမှန်းလို့ရမယ်။
No.4 စျေးအတက်အကျကြမ်းတတ်တယ်။
ရွှေဆိုရင်စိတ်ချရတဲ့Assetလို့တွေးတဲ့သူတွေများပေမယ့် ရွှေစျေးက (High Risk-High Returnဖြစ်တဲ့)စတော့ရှယ်ယာစျေးလိုမျိုးပဲ အတက်အကျကြမ်းပါတယ်။ တစ်နှစ်အတွင်းမှာ ရွှေစျေးက၂၀%-၃၀%လောက်အတက်အကျဖြစ်တဲ့နှစ်တွေရှိပါတယ်။
No.5 အရေးအကြောင်းဆိုရင်အားကိုးရတယ်။
အရေးအကြောင်းဆိုတာ စစ်ဖြစ်တာ၊ နိုင်ငံရေးမတည်ငြိမ်တာ၊ ကမ္ဘာ့စီးပွါးရေးကျဆင်းတာမျိုးတွေကိုပြောတာပါ။ အဲ့ဒီလိုမျိုးအရေးအကြောင်းဖြစ်ချိန်မှာ ကမ္ဘာ့ဘယ်နေရမှာမဆိုတန်ဖိုးထားအသိအမှတ်ပြုခံရတဲ့ရွှေက သူ့တန်ဖိုးအမှန်ကိုပြသတတ်ပါတယ်။ အခု(၂၀၂၅/၉)ပဲကြည့်ပါ။ Russia နဲ့ Ukraine ရဲ့စစ်ပွဲ၊ အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့စစ်ပွဲ၊ Trumpဆင်နွှဲနေတဲ့Trade Warစသဖြင့် ကမ္ဘာ့အရေးကမငြိမ်မသက်ဖြစ်နေချိန်မှာ ရွှေစျေးကလွန်ခဲ့တဲ့၅နှစ်ကထက်၂ဆဖြစ်နေပြီ။
သူများတကာတွေကကောင်းတယ်ပြောလို့ လိုက်ယောင်ပြီးရင်နှီးမြှုပ်နှံတာထက် ကိုယ်ရင်းနှီးမြှုပ်နှံဖို့စဉ်းစားနေတဲ့အရာနဲ့ပတ်သက်ပြီး အရင်လေ့လာသင့်ပါတယ်။
コメント