ဟိုးရှေးရှေးတုန်းက ပညာရှိဘုရင်ကြီးတစ်ပါးဟာ နေပူထဲမှာခရီးသွားနေရင်း ပင်ပန်းနွမ်းနယ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ စာကလေးအုပ်စုတစ်စုဟာ သူတို့ရဲ့အတောင်ပံတွေကို ဖြန့်ပြီး ဘုရင်ကြီးကို နေပူဒဏ်ကနေကာကွယ်ပေးဖို့ အရိပ်လုပ်ပေးခဲ့ကြပါတယ်။
ဘုရင်ကြီးကအရမ်းကျေးဇူးတင်သွားပြီး “မင်းတို့လိုချင်တဲ့ဆုတစ်ခုကိုတောင်းကြ” လို့ ပြောလိုက်ပါတယ်။ စာကလေးတွေက “ကျွန်တော်တို့ရဲ့ခေါင်းပေါ်မှာ ဘုရင်ကြီးလိုရွှေသရဖူဆောင်းချင်ပါတယ်” လို့တောင်းဆိုလိုက်ကြပါတယ်။

ဘုရင်ကြီးကဒါဟာမကောင်းဘူးဆိုတာ သိပေမယ့် သူတို့တောင်းဆိုတဲ့အတိုင်း ရွှေသရဖူတွေကို ဖန်တီးပေးလိုက်ပါတယ်။ အစပိုင်းမှာတော့ စာကလေးတွေဟာ ရွှေသရဖူတွေတကားကားနဲ့ အရမ်းလှပပြီး ဂုဏ်ယူနေကြတာပေါ့။ ဒါပေမယ့် မကြာခင်မှာပဲ လူတွေဟာ ရွှေသရဖူတွေကိုလိုချင်လို့ စာကလေးတွေကို လိုက်လံဖမ်းဆီးသတ်ဖြတ်ကြပါတော့တယ်။
နောက်ဆုံးမှာတော့ ကျန်ရှိနေတဲ့စာကလေးတွေဟာ ဘုရင်ကြီးဆီပြန်လာပြီး “ဒီရွှေသရဖူတွေကြောင့် ကျွန်တော်တို့ မျိုးတုံးတော့မယ်၊ အရှင်မင်းကြီးကိုပြန်ပေးပါရစေ”လို့တောင်းပန်ခဲ့ကြပါတယ်။ ဘုရင်ကြီးက ရွှေသရဖူတွေကို ရိုးရိုးအမောက် (အမွေး)လေးတွေအဖြစ် ပြောင်းလဲပေးလိုက်တဲ့အခါမှပဲ စာကလေးတွေဟာဘေးကင်းသွားပါတော့တယ်။
===========================
🤔ဒီပုံပြင်ကရတဲ့သင်ခန်းစာ
(၁) ပုံပြင်ထဲကစာကလေးတွေက ရွှေသရဖူကြီးတကားကားနဲ့နေလို့ပျက်စီးခဲ့ရသလိုမျိုး ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုကို လူအများမြင်အောင်ပြသကြွားဝါရင် ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုတင်မက ကိုယ့်ရဲ့ဘဝ၊ သိက္ခာ၊ အသက်အိုးအိမ်ကိုပါ မနာလိုဝန်တိုသူတွေဆီကTargetထားပြီးတိုက်ခိုက်ခံရတတ်ပါတယ်။ အခုခေတ်ဆို Facebookတို့လိုSNSတွေပေါ်မှာ စာကလေးလိုလူတွေတော်တော်တွေ့ရတယ်။
(၂) ရယူတဲ့ဆုလာဘ်ဟာကိုယ်နဲ့သင့်တင့်လျောက်ပတ်ရပါမယ်။ စာကလေးတွေက အစကတည်းက ဘာအမှားမှမလုပ်ခဲ့ကြပါဘူး။ ဘုရင်ကြီးကိုစိတ်ရင်းအမှန်နဲ့ကူညီခဲ့ကြတာပါ။ ဒါပေမယ့်ဆုလာဘ်ကိုရွေးတဲ့အခါမှာ မှားသွားခဲ့ကြပါတယ်။ မိမိနဲ့ မထိုက်တန်တဲ့၊ ဒါမှမဟုတ် အပိုဖြစ်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာလောဘတက်ရင် ကိုယ့်အတွက်ဘေးအန္တရာယ်ပဲဖြစ်စေတတ်ပါတယ်။”မတရားသော အမြတ်အစွန်းများ” ဟာလည်းပျက်စီးခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်။
(၃) ကိုယ့်ရဲ့သဘာဝအတိုင်းမဟုတ်ဘဲ အရှိန်အဝါကိုဟန်ပြဖို့ကြိုးစားခြင်းဟာ ရန်သူကိုဖိတ်ခေါ်သလိုဖြစ်တတ်ပါတယ်။

コメント