【ငါးဖမ်းသမားကြီးနှင့်MBAဘွဲ့ရလူငယ်】

Posted on Facebook : 2024/7/27

တစ်ခါတုန်းကMBAဘွဲ့ရလူငယ်တစ်ယောက်ဟာ ပင်လယ်ကမ်းခြေဘက်ကိုခရီးထွက်လာတယ်။ ကမ်းခြေရောက်တော့ ကမ်းကပ်ထားတဲ့သင်္ဘောပေါ်မှာလတ်ဆပ်တဲ့ငါးတွေကိုတွေ့ပြီး ငါးဖမ်းသမားကြီးကိုမေးကြည့်တယ်။

>လူငယ်
ဒီငါးတွေရဖို့ဘယ်လောက်အချိန်ကြာလဲ?

>ငါးဖမ်းသမားကြီး
၂နာရီ-၃နာရီလောက်ပေါ့။

>လူငယ်
ဘာဖြစ်လို့ပင်လယ်ထဲမှာအချိန်အကြာကြီးနေပြီး ငါးတွေအများကြီးမဖမ်းတာလဲ?

>ငါးဖမ်းသမားကြီး
ငါတို့မိသားစုစားဖို့လောက်ရင်ရပြီလေ။

>လူငယ်
ငါးဖမ်းတဲ့အချိန်ကလွဲရင်ဘာတွေလုပ်လဲ?

>ငါးဖမ်းသမားကြီး
မနက်နေမြင့်တဲ့အထိအေးဆေးအိပ်ပြီး ငါးဖမ်းထွက်၊ ငါးဖမ်းရာကပြန်လာရင် ကလေးတွေနဲ့ဆော့၊ နေ့လည်စာစားပြီးရင်တစ်ရေးအိပ်၊ ညနေစောင်းရင် မိန်းမနဲ့အတူရွာထဲကိုလမ်းလျှောက်ထွက်၊ ညကျရင်သူငယ်ချင်းတွေနဲ့ဝိုင်သောက်ရင်းသီချင်းဆိုတယ်။ နေ့တိုင်းပျော်ဖို့ကောင်းတယ်ကွ။

>လူငယ် (အထင်သေးသလိုကြည့်ရင်း)😏
ကျွန်တော်ကဟားဗတ်တက္ကသိုလ်ကနေဘွဲ့ရပြီး MBAယူထားတဲ့သူပါ။ ကျွန်တော်ခင်ဗျားကိုအကြံတစ်ခုပေးမယ်။ အရင်ဦးဆုံး, ခင်ဗျားရဲ့ငါးဖမ်းတဲ့အချိန်ကိုအခုထက်ပိုတိုးလိုက်ပါ။ အဲ့ဒါဆို ဒီ့ထက်ပိုပြီးငါးတွေပိုရမယ်။ ပိုရတဲ့ငါးတွေကိုရောင်းလို့ရလာတဲ့ငွေတွေနဲ့ ဒါ့ထက်ကြီးမားတဲ့ငါးဖမ်းသင်္ဘောကြီးကိုဝယ်ပါ။ အဲ့ဒါဆို ငါးတွေပိုဖမ်းမိပြီး ပိုက်ဆံတွေပိုရလာလိမ့်မယ်။ ရလာတဲ့ပိုက်ဆံတွေနဲ့ သင်္ဘောတွေထပ်ဝယ်၊ အလုပ်သမားတွေအများကြီးခန့်ပြီး ခင်ဗျားဟာရေလုပ်ငန်းကုမ္ပဏီကြီးရဲ့CEOဖြစ်လာလိမ့်မယ်။ ပြီးရင်ဒီရွာလေးထဲမှာပဲလုပ်မနေဘဲ မြို့ပေါ်တက်ပြီး လတ်ဆပ်တဲ့ငါးတွေကိုနိုင်ငံခြားအထိတင်ပို့တဲ့လုပ်ငန်းအဖြစ်တိုးချဲ့လိုက်ရင် Globalကုမ္ပဏီကြီးဖြစ်လာလိမ့်မယ်။

>ငါးဖမ်းသမားကြီး
အဲ့လိုဖြစ်ဖို့ဘယ်လောက်လောက်ကြာမလဲ?

>လူငယ်
၁၀နှစ်-၁၅နှစ်လောက်ဆိုဖြစ်ပြီဗျ။

>ငါးဖမ်းသမားကြီး
အဲ့လိုဖြစ်လာပြီးရင်ရော?

>လူငယ်
အဲ့လိုဖြစ်လာရင် ကျိကျိတက်ချမ်းသာပြီလေဗျာ။ ပိုက်ဆံတွေအများကြီးရပြီ။

>ငါးဖမ်းသမားကြီး
အဲ့လိုကျိကျိတက်ချမ်းသာပြီးရင်ရော?

>လူငယ် (အားတက်သရောလေသံနဲ့)
အဲ့လိုကျိကျိတက်ချမ်းသာမှတော့ ခင်ဗျားဘာမှထွေထွေထူးထူးအလုပ်လုပ်စရာမလိုတော့ဘူး။ ကုမ္ပဏီကိုအလုပ်သမားတွေနဲ့လွှဲထားပြီး မနက်နေမြင့်တဲ့အထိအေးဆေးအိပ်လို့ရပြီ။ အရေးကြီးတဲ့အလုပ်လေးနည်းနည်းပါးပါးလုပ်ပြီးရင် ကလေးတွေနဲ့ဆော့၊ နေ့လည်စာစားပြီးရင်တစ်ရေးအိပ်၊ ညနေစောင်းရင် မိန်းမနဲ့အတူရွာထဲကိုလမ်းလျှောက်ထွက်၊ ညကျရင်သူငယ်ချင်းတွေနဲ့ဝိုင်သောက်ရင်းသီချင်းဆို၊ ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ရပြီ။ ကိုယ့်အချိန်တွေကိုလည်း စိတ်ကြိုက်သုံးလို့ရပြီ။

>ငါးဖမ်းသမားကြီး (ရယ်လျှက်)😂
အော် မင်းကလဲ ဘာများလဲလို့ကွာ။ အခုလည်းငါ့ဘဝကအဲ့လိုနေ,နေတာပဲလေ။ အဲ့လိုလေးနေရဖို့ ၁၀နှစ်-၁၅နှစ်တောင်စောင့်စရာမလိုပါဘူးကွ။

=========================

ငါးဖမ်းသမားကြီးရဲ့အတွေးရော လူငယ်ရဲ့အတွေးရော အစွန်းနှစ်ဘက်မှာရှိနေတဲ့အပြင် ဒီပုံပြင်မှာအဖြေမှန်ဆိုတာမရှိပါဘူး။ ဒီပုံပြင်လေးကိုဖတ်ပြီး ကိုယ်ဆိုရင် ငါးဖမ်းသမားကြီးနဲ့လူငယ် ဘယ်သူ့အတွေးနဲ့ပိုနီးစပ်လဲဆိုတာစမ်းစစ်ပြီး ကိုယ်နီးစပ်တဲ့ဘက်ရဲ့ဆန့်ကျင်ဘက်ကအတွေးကိုလည်းနားစွင့်ကြည့်ပြီးတော့ ဘာလို့အဲ့လိုတွေးရတာလဲဆိုတာကိုခွဲခြမ်းစိတ်ဖြာကြည့်ရင် အစွန်းနှစ်ဘက်မဟုတ်တဲ့၊ ကိုယ်နဲ့သင့်တော်မယ့်အလယ်လတ်လမ်းစဉ်ကို ရှာတွေ့မယ်ထင်တယ်။

コメント

タイトルとURLをコピーしました