ဂျပန်ကကုမ္ပဏီတွေဟာကုမ္ပဏီမှာအလုပ်လုပ်တဲ့အမြဲတမ်းခန့်ဝန်ထမ်း(正社員)တွေအတွက်အမျိုးမျိုးသောခံစားခွင့်တွေပေးကြပါတယ်။ အဲ့ဒီခံစားခွင့်တွေထဲမှာ ကုမ္ပဏီအနေနဲ့မပေးမနေရခံစားခွင့်စနစ်နှင့်ကုမ္ပဏီရဲ့ကိုယ်ပိုင်ခံစားခွင့်စနစ်ဆိုပြီး၂ခုရှိတယ်။
ကုမ္ပဏီအနေနဲ့မပေးမနေရခံစားခွင့်စနစ်(法定福利厚生)ကဂျပန်ရဲ့လုပ်သားဥပဒေမှာ”ကုမ္ပဏီကမပေးမနေရ”ဆိုပြီးပြဌါန်းထားတဲ့စနစ်ပါ။ ဒီစနစ်ထဲမှာဝန်ထမ်းနဲ့မိသားစုဝင်တွေရဲ့ဘဝနေထိုင်ရေးတည်ငြိမ်ဖို့အတွက်ခံစားခွင့်၆ချက်ပါတယ်။
1.ကျန်းမာရေးအာမခံ(健康保健)
အာမခံကြေးကိုကုမ္ပဏီကတစ်ဝက်ကျခံရပါတယ်။ ကျန်းမာရေးအာမခံနဲ့ပါတ်သက်ပြီးအသေးစိတ်ကိုအောက်ကLinkမှာဝင်ဖတ်နိုင်ပါတယ်။
2.ပင်စင်(厚生年金)
ပင်စင်ကြေးကိုကုမ္ပဏီကတစ်ဝက်ကျခံရပါတယ်။ ဂျပန်ပင်စင်ရဲ့ဖွဲ့စည်းပုံကိုအောက်ကLinkမှာဝင်ဖတ်နိုင်ပါတယ်။
3.အလုပ်အကိုင်အာမခံ(雇用保険)
အလုပ်ပြုတ်တဲ့အချိန်၊ အလုပ်မလုပ်နိုင်တဲ့အချိန်မှာငွေကြေးထောက်ပံ့ပေးတာမျိုး၊ အလုပ်ရှာဖွေတာကိုSupportလုပ်ပေးတာမျိုးတွေလုပ်ပေးတဲ့အာမခံပါ။ (စိုက်ပျိုးရေးလုပ်ငန်း၊ အရက်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းမဟုတ်တဲ့)ရိုးရိုးလုပ်ငန်းမှာဆိုရင် အာမခံကြေးကိုဝန်ထမ်းဘက်ကလခရဲ့0.6%ကိုသွင်းရပြီး၊ ကုမ္ပဏီဘက်ကလခရဲ့0.95%ကိုကျခံရပါတယ်။
4.အလုပ်သမားလျော်ကြေးအာမခံ(労災保険)
အလုပ်သွားနေတုန်းဖြစ်ဖြစ်၊ အလုပ်ထဲမှာဖြစ်ဖြစ်တစ်ခုခုထိမိခိုက်မိတာမျိုးတွေဖြစ်ရင် အာမခံကုမ္ပဏီကအကုန်အကျခံပေးမယ့်အာမခံပါ။ အာမခံကြေးကိုကုမ္ပဏီကအလုံးစုံကျခံရပါတယ်။
5.သူနာပြုစောင့်ရှောက်မှုအာမခံ(介護保険)
အသက်၄၀ကျော်မှသွင်းရတဲ့အာမခံကြေးပါ။ အသက်ကြီးလာလို့သူနာပြုစောင့်ရှောက်မှုတွေလိုအပ်လာရင် သူနာပြုServiceတွေသုံးလို့ရတဲ့အာမခံပါ။ ကုမ္ပဏီကတစ်ဝက်ကျခံရပါတယ်။
6.ကလေးမွေးဖွားပြုစုမှုကူငွေ(子育て拠出金)
ဝန်ထမ်းရဲ့လခပေါ်အခြေခံပြီး ကုမ္ပဏီကအစိုးရကိုသွင်းရတဲ့ငွေပါ။ ဝန်ထမ်းဘက်ကမကုန်ကျပါဘူး။ ကုမ္ပဏီကသွင်းလိုက်တဲ့ငွေတွေကို ဂျပန်အစိုးရကလုပ်တဲ့ကလေးမွေးဖွားပြုစုမှုဆိုင်ရာSupport(ဥပမာ, ကလေးမွေးရင်ပေးတဲ့မွေးနေ့ဂုဏ်ပြုငွေ)တွေမှာအသုံးချပါတယ်။
အလုပ်ခေါ်စာထဲမှာ ဒီခံစားခွင့်၆ချက်ထဲကတစ်ချက်ချက်မပါတဲ့ကုမ္ပဏီတွေဟာဝေးဝေးကရှောင်ရမယ့်Black Companyတွေပါ။ *No.6အချက်ကဂျပန်အစိုးရနဲ့ကုမ္ပဏီကြားကကိစ္စဆိုတော့ အလုပ်ခေါ်စာထဲမှာမရေးတာများတယ်။
コメント