iDeCoဆိုသည်မှာ…

Posted on Facebook : 2023/12/2

iDeCoရဲ့အရှည်က Individual-type Defined Contribution Pension Plan(個人型確定拠出年金)လို့ခေါ်တယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်လစဉ်ရင်းနှီးမြှုပ်နှံမှုတစ်ခုခု(Stock share, Bond, Investment trustစသဖြင့်)ထဲကိုသတ်မှတ်တဲ့ငွေပမာဏထည့်ပြီး ကိုယ့်ပင်စင်ငွေကိုတိုးပွါးအောင်လုပ်လို့ရတဲ့ ပင်စင်စနစ်ပါ။ အသက်ကြီးလာရင် ပြည်သူ့ပင်စင်၊ သက်သာချောင်ချိရေးပင်စင်တွေကနေရမယ့်ပမာဏလောက်နဲ့မလုံလောက်မှာစိုးလို့ ကိုယ့်ဟာကိုယ်ပြင်ဆင်နိုင်အောင် ဂျပန်နိုင်ငံကလုပ်ပေးထားတဲ့ပင်စင်စနစ်တစ်ခုပါ။

✅အမြတ်အပေါ်အခွန်ကင်းလွတ်
NISAလိုပဲရင်းနှီးမြှုပ်နှံမှုကနေရလာတဲ့အမြတ်တွေအတွက်အခွန်ဆောင်စရာမလိုပါဘူး။ ပုံမှန်ဆိုရင် ရလာတဲ့အမြတ်ထဲကနေ၂၀%ကိုအခွန်ဆောင်ရပေမယ့် iDeCoပင်စင်စနစ်ကိုသုံးရင် အမြတ်ပေါ်မှာအခွန်မကျဘူး။

✅လစဉ်ရင်းနှီးမြှုပ်နှံမှုပမာဏ
လူပေါ်မူတည်ပြီးလစဉ်ရင်းနှီးမြှုပ်နှံမှုပမာဏကကွဲပြားတယ်။ ပြည်သူ့ပင်စင်(国民年金)တစ်ခုတည်းဝင်ထားတဲ့သူဆိုရင် လစဉ်¥၆၈,၀၀၀အထိရင်းနှီးမြှုပ်နှံလို့ရတယ်။ Salarymanဆိုရင် DC(企業型確定拠出年金)မဝင်ထားတဲ့သူဆိုရင် လစဉ်¥၂၃,၀၀၀အထိရင်းနှီးမြှုပ်နှံလို့ရတယ်။ တခြားအသေးစိတ်ကွဲပြားတာတွေရှိပါသေးတယ်။

✅ရင်းနှီးမြှုပ်နှံမှုကာလနှင့်ပင်စင်ထုတ်ချိန်
အသက်၆၅နှစ်အထိ လစဉ်ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတယ်။ ပင်စင်ထုတ်ချိန်ကအသက်၆၀ကနေ၇၅အကြားရွေးလို့ရတယ်။
⚠️ပြောင်းပြန်အနေနဲ့ပြောရရင် အနည်းဆုံးအသက်၆၀ပြည့်တဲ့အထိ ဘယ်လိုအကြောင်းနဲ့မှထုတ်လို့မရပါဘူး။⚠️
ပြန်ထုတ်ပြီဆိုရင်တော့ လစဉ်ရင်းနှီးမြှုပ်နှံမှုကရပ်သွားမှာပါ။

✅လစဉ်ရင်းနှီးမြှုပ်နှံမှုပမာဏအခွန်ကင်းလွတ်
လစဉ်ရင်းနှီးမြှုပ်နှံတဲ့ပမာဏကို နေထိုင်ခွန်၊ ဝင်ငွေခွန်တွေတွက်တဲ့အခါဖယ်ပေးပါတယ်။ ဥပမာအနေနဲ့အလွယ်ပြောရမယ်ဆိုရင်, တစ်နှစ်ကိုသောင်း၅၀၀ဝင်ငွေရှိတဲ့သူက လစဉ်၂သောင်း(တစ်နှစ်၂၄သောင်း)ကို iDeCoမှာရင်းနှီးမြှုပ်နှံမယ်ဆိုပါစို့။ အဲ့ဒီလူဆောင်ရမယ်နေထိုင်ခွန်၊ ဝင်ငွေခွန်ကိုတွက်တဲ့အခါ iDeCoထဲကိုထည့်တဲ့၂၄သောင်းကိုနှုတ်ပြီးကျန်တဲ့၄၇၆သောင်းပေါ်ကနေ%နဲ့တွက်မှာဖြစ်လို့ ဆောင်ရမယ့်နေထိုင်ခွန်၊ ဝင်ငွေခွန်ကအနည်းငယ်လျော့ပါတယ်။

✅ပင်စင်ထုတ်ချိန်မှာပင်စင်ခွန်ဆောင်ရန်လိုအပ်
ဒါကသတိထားရမယ့်အချက်ပါ။ အမြတ်ပေါ်မှာအခွန်ဆောင်စရာမလိုပေမယ့် ပင်စင်စနစ်ဖြစ်လို့ ပင်စင်ထုတ်တဲ့အချိန်မှာ ဝင်ငွေခွန်ဆောင်ရပါတယ်။

ကိုယ်အသက်ကြီးလာလို့ပင်စင်ငွေနဲ့ပဲနေရတဲ့အချိန် မကြောင့်မကြနေနိုင်အောင် လိုအပ်မယ်ဆိုရင် သုံးလို့ရတဲ့စနစ်တွေကိုပါးပါးနပ်နပ် အကျိုးရှိရှိသုံးသင့်ပါတယ်။ အနာဂတ်ကကိုယ့်ဆီကိုလက်ရှိကိုယ်ကနေ ငွေလွှဲပေးတဲ့သဘောပေါ့။

*ပင်စင်စနစ်ဆိုပေမယ့် Investmentပုံစံမို့လို့ ကိုယ်ရင်းနှီးမြှုပ်နှံတဲ့အရာပေါ်မူတည်ပြီး အရှုံးဆိုတာရှိနိုင်ပါတယ်။

コメント

タイトルとURLをコピーしました