Challengeတစ်ခုခုကိုလုပ်တော့မယ်၊ အလုပ်တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် တွေဝေတတ်သူတွေရှိတယ်။(ကျွန်တော်လည်းပါတယ်😅)
တွေဝေတတ်တာကမကောင်းတဲ့အလေ့အကျင့်တော့မဟုတ်ဘူး။ တွေဝေပါ။ မတွေဝေနဲ့လို့မပြောပါဘူး။ မကောင််းတာက, တွေဝေပြီးဘာမှမလုပ်ဘဲနေတာပါ။ တွေဝေပြီးတဲ့နောက်တစ်ခုခုကိုရွေးချယ်ပြီးလုပ်လိုက်တာက ကိုယ့်အတွက်တစ်ခုခုကျန်ခဲ့ပါလိမ့်မယ်။ အဲ့ဒီလိုတစ်ခုခုကိုရွေးချယ်ဖို့အတွက် တွေဝေမှုကိုဖျောက်ဖျက်နည်းရှိတယ်။
တွေဝေမှုဆိုတာ ပုံထဲကလိုမျိုး“စိတ်အားထက်သန်မှု” နဲ့ ”စိတ်ပူပန်မှု”နှစ်ခုကဆတူဖြစ်နေလို့ဖြစ်ပေါ်လာတာပါ။

“စိတ်အားထက်သန်မှု”ဘက်ကအလေးချိန်များသွားရင်၊ ဒါမှမဟုတ် ”စိတ်ပူပန်မှု”ဘက်ကအလေးချိန်နည်းသွားရင် လုပ်ချင်တာတွေလုပ်ဖြစ်သွားပါလိမ့်မယ်။ စိတ်အားထက်သန်မှုရှိလို့ တစ်ခုခုကိုစပြီးကြိုးစားဖို့စဉ်းစားတာဖြစ်လို့ “စိတ်အားထက်သန်မှု”ကိုဒီ့ထက်ပိုပြီးတိုးအောင်လုပ်ရတာကခက်ပါတယ်။ အဲ့ဒါကြောင့် “စိတ်ပူပန်မှု”ကိုလျော့ကျအောင်လုပ်တာကလွယ်ကူပြီးထိရောက်ပါတယ်။
စိတ်ပူပန်တတ်တာဟာ တကယ်တော့ဥာဏ်ကောင်းလို့ဖြစ်တာပါ။ အနာဂတ်ကိုမှန်းဆကြည့်ပြီး Riskတွေရှိလာရင်၊ အဆင်မပြေရင်ဘယ်လိုလုပ်ရပါ့မလဲဆိုပြီးတွေးတောရာကနေ”စိတ်ပူပန်မှု”ဆိုတာဖြစ်ပေါ်လာတာပါ။ အနာဂတ်ကိုမှန်းဆပြီးဘယ်လိုအဆင်မပြေမှုတွေကြုံလာနိုင်လဲလို့တွေးတောနိုင်သူဖြစ်တဲ့အတွက် စိတ်ပူပန်တတ်ရင်”ငါကဥာဏ်ကောင်းသူပဲ”လို့တွေးပါ။ ကိုယ့်ဦးနှောက်ကကောင်းကောင်းကြီးအလုပ်လုပ်နေတာဖြစ်တဲ့အတွက် ဘာမှအားငယ်စရာမလိုပါဘူး။
“စိတ်ပူပန်မှု”ကိုလျှော့ချဖို့အတွက်ဆိုရင် စိတ်ပူပန်မှုတွေကိုတစ်ခုချင်းစီခွဲထုတ်ကြည့်ပါ။ အဲ့ဒီလိိုခွဲထုတ်ဖို့အတွက် “ဒီဟာကိုလုပ်ကြည့်ပြီး တစ်ခုခုအဆင်မပြေဖြစ်တဲ့အခါ ငါဘာကိုကြောက်တာလဲ?”ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပြီး အဖြေတွေကိုတစ်ခုချင်းစီစာရွက်ပေါ်မှာချရေးပါ။ အဲ့ဒီလိုချရေးလိုက်ရင် အဆင်မပြေဖြစ်နိုင်တဲ့Case(Risk)တွေနဲ့ကိုယ်ကြောက်တဲ့အရာတွေထွက်လာပါလိမ့်မယ်။ အဲ့ဒါတွေတစ်ခုချင်းစီထွက်လာပြီဆိုရင် “ဘာမှန်းမသိတဲ့စိတ်ပူပန်မှု(Anxiety)”ကနေ “ဖြေရှင်းရှောင်ရှားရမယ့်ပြဿနာ(Issue)”အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။
အဲ့လောက်အထိခွဲထုတ်ပြီးသွားရင်လွယ်ကူသွားပါပြီ။ ဒီပြဿနာ(Issue)တွေကိုဘယ်လိုဖြေရှင်းမလဲ၊ ဖြစ်ပေါ်လာနိုင်တဲ့ဆုံးရှုံးမှုကိုဘယ်လောက်အထိခံနိုင်မလဲဆိုတာကိုစဉ်းစားလိုက်ရုံနဲ့ “စိတ်ပူပန်မှု”ရဲ့အလေးချိန်ကိုလျှော့ချနိုင်ပြီး လုပ်ချင်တဲ့အရာကိုစတင်နိုင်လာပါလိမ့်မယ်။

コメント