ဂျပန်နိုင်ငံမှာနေထိုင်သူတွေအတွက် အရမ်းအရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာခံစားခွင့်စနစ်တစ်ခုဖြစ်တဲ့ “ဆေးကုသစရိတ်အဆမတန်ကြီးမြင့်ပါက ပြန်အမ်းငွေတောင်းခံနိုင်သည့်စနစ် (高額療養費制度)” ဟာ လာမယ့်၂၀၂၆/၈လပိုင်းကနေစပြီး အဓိကအားဖြင့်၂ချက်ပြောင်းလဲတော့မှာဖြစ်ပါတယ်။ ဒီအပြောင်းအလဲက ကိုယ့်ရဲ့အနာဂတ်Life Plan အပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ ကြိုတင်လေ့လာထားသင့်တယ်။
✅အဓိကပြောင်းလဲမည့်အချက်ကြီး(၂)ချက်
၁။ တစ်လတာအမြင့်ဆုံးကျခံရမည့် ဆေးကုသစရိတ်ကိုတိုးမြှင့်ခြင်း (月額上限の引き上げ)
အခြေခံအားဖြင့် တစ်လအတွင်းကိုယ့်ဘက်ကစိုက်ထုတ်ရမယ့်ဆေးစရိတ်က လက်ရှိသတ်မှတ်ထားတဲ့စရိတ်ထက် ၄% ~ ၇% ခန့် မြင့်တက်သွားပါမယ်။ ဥပမာ, တစ်နှစ်ဝင်ငွေ သောင်း၃၇၀ ~ သောင်း၇၇၀ဆိုရင် လက်ရှိကတစ်လဆေးကုသစရိတ် ဘယ်လောက်ပဲကုန်ကုန် ကိုယ့်ဘက်က ၈သောင်းစွန်းလေးပဲစိုက်ထုတ်ရပေမယ့်၊ ၈လပိုင်းနောက်ပိုင်းမှာတော့ ၈သောင်း၆ထောင်ဝန်းကျင်လောက်အထိ ပိုမိုကျခံရနိုင်ပါတယ်။
၂။ “တစ်နှစ်တာစုစုပေါင်းဆေးကုသစရိတ်ကုန်ကျငွေကန့်သတ်ချက်” အသစ်ပေါ်ပေါက်လာခြင်း (年間上限の新設)
ဒါကတော့ ရေရှည်ကုသမှုခံယူရသူတွေအတွက် သတင်းကောင်း ဖြစ်ပါတယ်။ ယခင်က လအလိုက်ပဲတွက်ချက်ခဲ့ပေမယ့် ၂၀၂၆/၈လပိုင်းကနေစပြီးတော့ ၁နှစ်တာအတွင်း ကိုယ့်ဘက်ကစိုက်ထုတ်ရမယ့် စုစုပေါင်းဆေးကုသစရိတ်ကို ကန့်သတ်လိုက်ပါတယ်။ ဥပမာ, တစ်နှစ်ဝင်ငွေ သောင်း၃၇၀ ~ သောင်း၇၇၀ဆိုရင် ၁နှစ်တာ အမြင့်ဆုံး ၅၃ သောင်းအထိပဲ ကိုယ့်ဘက်ကစိုက်ထုတ်ရမှာဖြစ်ပါတယ်။ ရေရှည်ဆေးရုံတက် ကုသရသူများအတွက် တစ်နှစ်ပတ်လုံးရဲ့ဆေးစရိတ်ကုန်ကျမှုကြောင့် ဘဝမပြိုလဲအောင် ကာကွယ်ပေးမယ့်Safety Netတစ်ခုဖြစ်လာပါလိမ့်မယ်။ အရမ်းကောင်းတဲ့ပြောင်းလဲမှုပါပဲ။
ပထမတစ်ချက်ကိုပဲကြည့်ပြီး “ဆေးကုသစရိတ်တွေတက်လာပြီဆိုတော့ ပုဂ္ဂလိကကျန်းမာရေးအာမခံ တွေထပ်တိုးရမလား?” လို့တွေးမိနိုင်ပါတယ်။ ဒါပေမယ့် ဂျပန်ရဲ့ ဒီစနစ်သစ်မှာ “တစ်နှစ်တာစုစုပေါင်းဆေးကုသစရိတ်ကုန်ကျငွေကန့်သတ်ချက်” ဆိုတာရှိနေတဲ့အတွက်၊ ရုတ်တရက် ဆေးရုံတက်ရရုံနဲ့ဘဝပျက်သွားလောက်အောင် သန်းနဲ့ချီကုန်ကျမှာမဟုတ်ပါဘူး။ ဒါကြောင့် ကြောက်စိတ်လွန်ကဲပြီး လစဉ်ကြေးစျေးကြီးတဲ့ ပုဂ္ဂလိကအာမခံတွေထဲဝင်စရာမလိုပါဘူး။ ဂျပန််မှာနေထိုင်နေသူအားလုံးဟာ ကမ္ဘာ့အကောင်းဆုံးPublic Insuranceတွေထဲကတစ်ခုဖြစ်တဲ့ Health Insuranceထဲမှာဝင်ပြီးသားပါ။

コメント