【ကျွန်တော်တို့ဟာ ဘာကြောင့်အလုပ်လုပ်ကြတာလဲ? ~Level1 to 4~】

Level1 : ငွေရှာဖို့အတွက်အလုပ်လုပ်ခြင်း

နယ်မြို့လေးတစ်မြို့မှာလူငယ်တစ်ယောက်ဟာ မြို့ပေါ်ကITကုမ္ပဏီကြီးမှာIT Engineerအဖြစ်အလုပ်လုပ်ဖို့အတွက်ပြင်ဆင်နေတယ်။ လူငယ်ကနယ်မြို့လေးကမထွက်ခွါခင် သူ့အဖေနဲ့စကားလက်ဆုံပြောဖြစ်တယ်။ “အဖေ, တကယ်တော့ကျွန်တော်ကတယောထိုးရတာကိုအရမ်းကြိုက်တာဗျ။ ကျွန်တော်ကIT Engineerမဟုတ်ဘဲ ဂီတသမားပဲဖြစ်ချင်ခဲ့တာ။ ဒါပေမယ့်, ဂီတနဲ့ပဲအသက်မွေးဝမ်းကျောင်းဖို့က မလွယ်ဘူးဆိုတာသိလာတော့၊ ကျွန်တော်ဝါသနာပါတဲ့တယောထိုးတာကိုဆက်လုပ်နိုင်ဖို့အတွက် ITကုမ္ပဏီမှာအလုပ်ဝင်လုပ်ပြီးပိုက်ဆံရှာမယ်လို့ဆုံးဖြတ်ခဲ့တာ။”လို့သူ့အဖေကိုပြောလိုက်တယ်။ အဲ့ဒီမှာအဖေလူငယ်ရဲ့ပုခုံးကိုဖက်ပြီး “မြို့ပေါ်မှာငါ့သားအစစအရာရာအဆင်ပြေပါစေကွာ”လို့ပြောပြီးနှုတ်ဆက်လိုက်တယ်။

ဒီအခြေအနေမှာ လူငယ့်အတွက်အလုပ်လုပ်ခြင်းဆိုတာ ငွေရှာဖို့သက်သက်(Level 1)သာဖြစ်ပြီး၊ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကိုတော့ ကိုယ်ပိုင်အချိန်မှာတယောထိုးခြင်းကနေပဲရှာဖွေမယ်လို့တွေးထားခဲ့ပါတယ်။ ဒါဟာမှားယွင်းနေတာတော့မဟုတ်ပေမယ့် ဒါ့ထက်မြင့်တဲ့Levelက စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကိုပစ်ပြီး ငွေအတွက်ပဲအလုပ်လုပ်နေတယ်ဆိုတာဟာ အရမ်းနှမြောဖို့ကောင်းပါတယ်။

ကျွန်တော်တို့ရော တရားဥပဒေစိုးမိုးပြီး အသုံးချစရာစနစ်တွေပြည့်စုံတဲ့ဂျပန်အထိရောက်လာပြီးမှတော့ ငွေရှာဖို့သက်သက်အတွက်ပဲအလုပ်လုပ်ကြမလား? ငွေရှာဖို့အတွက်မဟုတ်တဲ့အလုပ်လုပ်ခြင်းဆိုတာဘာလဲ? ဒီStoryထဲကလူငယ်ကရော ရှေ့လျှောက်ဘယ်လိုMindsetနဲ့ Careerကိုလျှောက်လှမ်းသွားမှာလဲဆိုတာကို အောက်ကနောက်Levelတွေမှာဆက်လက်ဖတ်ရှုကြည့်ပါ။

Level2 : ကိုယ့်ရဲ့စွမ်းဆောင်ရည်တိုးတက်ဖို့အတွက်အလုပ်လုပ်ခြင်း

တယောထိုးရတာဝါသနာပါတဲ့လူငယ်လေးဟာ ITကုမ္ပဏီကြီးမှာအလုပ်လုပ်လာတာ၃နှစ်လောက်ကြာလာတဲ့အခါမှာတော့ အပြောင်းအလဲလေးတွေဖြစ်လာပါတယ်။ တစ်ရက်တော့ ခွင့်ရက်ရလို့မွေးရပ်နယ်မြို့လေးဆီအလည်ပြန်လာတဲ့အခါ သူဝါသနာပါတဲ့တယောကိုထိုးလိုက် သူ့အဖေနဲ့သူ့ရဲ့ဝါသနာအကြောင်းတွေပြောလိုက်နဲ့ သူ့ရဲ့ခွင့်ရက်တွေကိုအေးအေးဆေးဆေးဖြတ်သန်းနေခဲ့တယ်။ ပြန်ကာနီးတော့ လူငယ်ရဲ့အဖေက “ငါ့သား အလုပ်လုပ်ရတာရောအဆင်ပြေရဲ့လားကွ”လို့မေးတော့ လူငယ်က “အဖေရေ ပြဿနာပဲ။ ကျွန်တော့်ရဲ့ဝါသနာနီးပါးလောက် အလုပ်လုပ်ရတာတဖြည်းဖြည်း စိတ်ဝင်စားစရာကောင်းလာတယ်ဗျ” လို့လူငယ်ကပြောလာပါတယ်။ အရင်ကတော့ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုကိုတယောထိုးခြင်းနဲ့သာရရှိနိုင်တယ်လို့တွေးခဲ့တဲ့လူငယ်ဟာ အခုတော့ အားလပ်ချိန်မှာ ဝါသနာပါတဲ့ဂီတနဲ့ပတ်သက်တာကိုလည်းလုပ်ရင်း အလုပ်ဘက်ကိုလည်းစိတ်ပါဝင်စားလာပြီး ဟန်ချက်ညီလာတဲ့အခြေအနေပါ။

ဘာဖြစ်လို့ လူငယ်ကအဲ့ဒီလိုပြောင်းလဲလာတာလဲဆိုတော့ အရင်ကမလုပ်နိုင်ခဲ့တဲ့အလုပ်တွေကို တဖြည်းဖြည်းနဲ့ကောင်းကောင်းလုပ်နိုင်လာလို့ပါ။ ဂိမ်းဆော့တဲ့အခါ Levelတွေတက်လာရင်ပျော်ဖို့ကောင်းလာသလို၊ ပန်းချီဆွဲတဲ့အခါ ဆေးရောင်တွေပိုစုံလာရင် ပိုလှအောင်ဆွဲနိုင်လာသလိုမျိုးပါ။

ဒီLevelရောက်လာရင် အလုပ်လုပ်တာဟာငွေရှာဖို့သက်သက်မဟုတ်တော့ဘဲ၊ “ကိုယ့်ရဲ့ အရည်အချင်း(Skill)တွေတိုးတက်လာခြင်း” ဟာ ကိုယ့်အတွက်ဆုလာဘ်(Reward)တစ်ခုလို့တွေးလာပါတယ်။ တာဝန်ပေးခံရတဲ့အလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်လာတဲ့အပြင် ကိုယ်လုပ်နိုင်တဲ့အလုပ်၊ ကိုယ်လုပ်တတ်တဲ့အလုပ်တွေက တဖြည်းဖြည်းများလာပြီး ကိုယ့်လုပ်ငန်းခွင်မှာကိုယ့်ရဲ့သက်ရောက်မှုတွေကလည်းများလာလို့ အလုပ်လုပ်ရတာက စိတ်ဝင်စားစရာကောင်းလာတဲ့အဆင့်(Level2)ပဲဖြစ်ပါတယ်။

လက်ရှိLevelရဲ့အပေါ်မှာနောက်ထပ်Level ၂ဆင့်ကျန်သေးတယ်။ ရှေ့လျှောက်မှာ ဒီလူငယ်ရဲ့Mindsetဟာဘယ်လိုတွေထပ်ပြီးပြောင်းလဲသွားမလဲ?

Level3 : အလုပ်လုပ်ရခြင်းကိုကဆုလာဘ်တစ်ခုဖြစ်လာခြင်း

တယောထိုးရတာဝါသနာပါတဲ့လူငယ်ဟာ အလုပ်သက်တမ်း၁၀နှစ်လောက်ရောက်လာတဲ့အခါမှာ သူ့ရဲ့မွေးရပ်နယ်မြို့လေးဆီအလည်ပြန်လာခဲ့ပြန်တယ်။ ဒီတစ်ခါထူးခြားတာကတော့ အရင်အခေါက်တွေလိုသူ့အဖေနဲ့တယောအကြောင်းတွေ၊ ဂီတအကြောင်းတွေသိပ်မပြောဖြစ်တော့ဘဲ သူ့အလုပ်မှာဘယ်လိုProjectတွေကိုဦးဆောင်လုပ်နေရတာဖြစ်ကြောင်း၊ ဘယ်လိုပြဿနာတွေဖြစ်ပြီး ဘယ်လိုဖြေရှင်းခဲ့ရကြောင်း၊ သူဦးဆောင်တည်ဆောက်တဲ့IT Systemတွေက လူ့အဖွဲ့အစည်းအတွက်ဘယ်လိုတွေအကျိုးပြုတာဖြစ်ကြောင်း သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေကို သူ့အဖေဆီအာပေါင်အာရင်းသန်သန်နဲ့ပြောပြနေခဲ့တယ်။ အဖေကတော့သူ့သားပြောတာတွေကို ပြုံးပြီးသဘောကျနေခဲ့တယ်။

လူငယ်ဟာ သူအရမ်းရူးသွပ်ခဲ့တဲ့တယောဂီတထက် အလုပ်လုပ်ရတာကိုပိုပြီးနှစ်သက်လာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူလုပ်ချင်တဲ့အလုပ်တွေကို သူကိုယ်တိုင်ဦးဆောင်ပြီးလုပ်ခွင့်ရလာလို့ပါ။ Level2တုန်းက သူများခိုင်းတဲ့အလုပ်ကို ကျွမ်းကျင်အောင်လုပ်နိုင်ရုံအဆင့်သာဖြစ်ပေမယ့်၊ ဒီအဆင့်(Level3)ရောက်လာရင်တော့ ကိုယ်တိုင်စီမံကိန်းတွေရေးဆွဲလာနိုင်ပါပြီ။ ဒီလိုလုပ်နိုင်ဖို့အတွက် ကိုယ့်ရှေ့ကအလုပ်တစ်ခုတည်းကိုပဲကြည့်လို့မရဘဲ အလုပ်ရဲ့နောက်ကွယ်က “လူ၊ ငွေကြေး၊ သတင်းအချက်အလက်” တွေဘယ်လိုလည်ပတ်နေလဲဆိုတာကိုနားလည်ပြီး လုပ်ငန်းတစ်ခုလုံးကိုမြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။ အဲ့ဒီလိုမြင်အောင်ကြည့်တတ်လာပြီဆိုရင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်ရဲ့ကုမ္ပဏီ၊ ကိုယ့်ရဲ့Client (သို့) လူ့အဖွဲ့အစည်း ဒီသုံးဦးသုံးဖက်လုံးအတွက် အကျိုးရှိစေမယ့်အရာတွေကို ဖန်တီးအကောင်အထည်ဖော်လာနိုင်လာပါလိမ့်မယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကိုယ့်ခြေကိုယ့်လက်နဲ့ဖန်တီးပြီး သုံးပွင့်ဆိုင်အကျိုးရှိအောင်လုပ်ဆောင်နိုင်လေ၊ “အလုပ်လုပ်ရခြင်း”ကိုကသူ့အတွက်အကြီးမားဆုံးဆုလာဘ်လိုဖြစ်လာလေပါပဲ။

နောက်ဆုံးဖြစ်တဲ့ Level4ကဘာဖြစ်မလဲ? ဒီလူငယ်ရဲ့Mindsetဟာ နောက်ဆုံးမှာဘယ်လိုပြောင်းလဲသွားဦးမလဲ?

Level4 : လူသားတစ်ယောက်အနေနဲ့ရင့်ကျက်လာဖို့အတွက်အလုပ်လုပ်ခြင်း

အလုပ်သက်တမ်း၁၅နှစ်ကျော်လာတဲ့အခါမှာတော့ လူငယ်ဟာကုမ္ပဏီမှာမရှိမဖြစ်တဲ့ အဓိကလူတစ်ယောက်ဖြစ်လာပါပြီ။ တစ်ရက်တော့ သူ့ရဲ့မွေးရပ်နယ်မြို့လေးဆီ အလည်ပြန်လာတော့ အိမ်ထဲရောက်ရောက်ချင်းပဲ လူငယ်ရဲ့အဖေက “ငါ့သားအရင်တစ်ခါပြန်လာတုန်းက အလုပ်မှာပျော်နေပုံပေါက်တယ်။ အခုရောပျော်သေးရဲ့လား?”လို့မေးတယ်။ အဲ့ဒီအခါလူငယ်ကပြုံးပြီး “အလုပ်ဆိုတာ စိတ်နှစ်ပြီးလုပ်မယ်ဆိုရင် ဘယ်အလုပ်မဆိုပျော်ဖို့ကောင်းပါတယ်အဖေရာ” လို့ပြောတယ်။

ဒီအချိန်မှာ သူ့ရဲ့ခံယူချက်က အမြင့်ဆုံးအဆင့် Level4ကိုရောက်နေပါပြီ။

ဒီအဆင့်မှာတော့ “ငါဘာကိုစိတ်ဝင်စားတာလဲ?” “ငါလုပ်ချင်တာကဘာလဲ?”ဆိုပြီးဝေဝါးနေတာမျိုး၊ တွေဝေနေတာမျိုးတွေမရှိတော့ဘူး။ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်ရဲ့အကျိုးအမြတ်ထက် ကုမ္ပဏီနဲ့လူ့အဖွဲ့အစည်းကို အကျိုးပြုချင်တဲ့စိတ်ကပိုများနေပါပြီ။ ကိုယ်နည်းနည်းလေးအနစ်နာခံရရင်တောင် သူတစ်ပါးအတွက်အကျိုးရှိစေတယ်ဆိုရင် အဲဒီအရာကနေစိတ်ကျေနပ်မှုကိုရရှိတဲ့ Mindsetဖြစ်သွားပြီ။ လူတစ်ယောက်ရဲ့စွမ်းရည်(Skill)တွေ၊ ရာထူးတွေဆိုတာ အချိန်တစ်ခုခုမှာ ရပ်တန့်ပြီးပျောက်ကွယ်သွားနိုင်ပေမယ့်၊ အလုပ်ကနေတစ်ဆင့်ရရှိလာတဲ့ အများအတွက်အကျိုးရှိစေချင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု(Maturity)ကတော့ ဘယ်သူမှလုယူသွားလို့မရတဲ့ အဖိုးတန်ဆုံးပိုင်ဆိုင်မှုပဲဖြစ်ပါတယ်။

သူဝါသနာပါတဲ့တယောထိုးခြင်းကိုလည်း မစွန့်လွှတ်ပါဘူး။ ဝါသနာအနေနဲ့ အားတဲ့အခါ တယောထိုးတုန်းပါပဲ။ ဝါသနာနဲ့အလုပ်ကိုတစ်ထပ်တည်းမထားဖြစ်လိုက်လို့ အလုပ်မှာStressဖြစ်တဲ့အခါ တယောထိုးခြင်းကထွက်ပေါက်တစ်ခုအဖြစ်ရှိနေခဲ့တာပါ။ အဲ့ဒီလိုStressကိုကောင်းကောင်းControlလုပ်နိုင်ခဲ့လို့လည်း ဒီLevelအထိရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အကိုးအကား : 仕事の思想

コメント

タイトルとURLをコピーしました